RSS

ဘ၀ရှပ်တိုက်သံများ

19 Jun

လူချင်းထိခိုက်သံကို ကြားရမှ မဟုတ်ပါဘူး
ဝတ်မှုန်ကလေးရဲ့ သွားသံလာသံကို ကြားရတာကလည်း
ဘ၀ပဲ….

အဲဒီ့နေ့မှာမှ ငါကလည်း ထင်းရှာထွက်ခဲ့မိတယ်
နောက်ဆုံးတော့
သစ်ပင်တွေကို သေခိုင်းရမယ့်အစား
ပုဆိန်ကို ငါသတ်လိုက်တယ်…

(တာရာမင်းဝေ)

နားနှစ်ဖက်ထဲသို့ အရှိန်အဟုန်ပြင်းစွာဖြင့် စီးဝင်လာသော ရထားသံများကို ကျော်လွန်နိုင်အောင် သူကြိုးစားပြီး သံလမ်းတစ်ဖက် ပလက်ဖောင်းပေါ်မှ လူတစ်ယောက်၏ ရှပ်တိုက်သွားနေသော ဖိနပ်သံကို နားစွင့်နေခဲ့လိုက်သည်. လွှမ်းမိုးနေသော အာရုံကို တော်လှန်လှုပ်ရှားရသည့် အဖြစ်မျိုးသည် သူ၏ စိတ်တန်ခိုးကို ထက်မြက်စူးရှစေသည်ဟု ယုံကြည်သည်။

ရည်စူးကိုင်းညွှတ်ထားသော ထိုအသံကို ကြားရသည်လည်း ရှိမည်၊ မကြားရသည်လည်း ရှိမည်. သို့သော် သေချာသည်ကတော့ သူသည် မလိုအပ်သောအရာများကို နားပိတ်ထားပြီး လိုအပ်သော အရာများအတွက်သာ နားဖွင့်ထားနိုင်ရန် လေ့ကျင့်နေခြင်းဖြစ်သည်….

ဂီးးးးးးးးးးးးးးးးးးး

ညဉ့်ငှက်တစ်ကောင်၏ စူးရှသော အသံတစ်ချက်က သူ့ကို ဆတ်ခနဲ တုန်လှုပ်သွားစေခဲ့သည်…

တစ်ချို့အသံများသည်ကား အာရုံစူးစိုက်မှု အထူးတလည် ပြုစရာမလိုပါဘဲ စိတ်သန္တာန်ကို လာရောက်ရိုက်ခတ်တတ်ကြသေးသည်ကိုလည်း သတိပြုမိလိုက်သည်. နှစ်သက်မိသည်လည်း ရှိမည်၊ မနှစ်သက်မိသည်လည်း ရှိမည်. သို့သော် မိမိ၏ စိတ်အစဉ်တွင်တော့ ခေတ္တ နေရာယူသွားခဲ့သည်မှာ သေချာသည်…

တစ်စုံတစ်ရာသည် သူ့ထံသို့ ချဉ်းကပ်လာခဲ့ပြီးမှ အဝေးသို့ ပြန်လည်လွင့်ပျောက်သွားခဲ့သည်… ပူဆွေးဝမ်းနည်းခြင်းများသည် မဖိတ်ခေါ်ဘဲ ရောက်လာတတ်သလို ပျော်ရွှင်ဝမ်းမြောက်ခြင်းများသည်လည်း မနှင်ပါဘဲနှင့် ထွက်ပြေးတတ်ကြသေးသည်.

မိမိကိုယ်တိုင်က ထိန်းသိမ်း စောင့်ရှောက်ပါလျက်နှင့် လွင့်ပြယ်ပျက်စီးရခြင်းမှာ ပျက်စီးချိန်တန်သောကြောင့်ပင် ဖြစ်မည်ဟု ရသေ့စိတ်ဖြေတွေး တွေးမိသည်… မထိန်းသိမ်းမစောင့်ရှောက်၍ ဆုံးရှုံးပျက်စီးရခြင်းထက် စာလျှင်ကား တော်သေး၏ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်မိပြန်သည်. မိမိကိုယ်တိုင်နှင့်မှ စစ်ပြေငြိမ်းခြင်း မရှိလျှင် အကြင်သူ၏ ဘ၀သည်ကား အမြဲတစေ ပူလောင်နွမ်းလျနေပေရော့မည်ဟု ဘာသာရေးအဆုံးအမ နောက်ခံဖြင့် ဥာဏ်မီသလောက် တွေးတောရင်း ခေါင်းတဆတ်ဆတ်ငြိမ့်နေမိပြန်သည်…

ငယ်စဉ်က ဖတ်ခဲ့ဖူးသော ဇာတက ၀တ္ထုလေးများထဲမှ သစ်ခုတ်သမား ရဟန်းတစ်ပါးအကြောင်းကို သတိရမိသည်.

သစ်ခုတ်သမားသည် လောကီအာရုံ ကာမဂုဏ်ကို ငြီးငွေ့သဖြင့် လျှော်တေသင်္ကန်းကို ဆင်မြန်းကာ တောထွက် ရဟန်းပြုလေသည်… လောကုတ္တရာကျင့်စဉ်ကို အထူးတလည် စူးစိုက်ကြိုးစားသော်လည်း အရာမထင်သဖြင့် လူထွက်ကာ သစ်ခုတ်သမား ပြန်လုပ်သည်.

ထို့နောက် ရဟန်းဝတ်ပြန်သည်. ထိုကဲ့သို့ ထွက်ချည်ဝင်ချည်ဖြင့် သံသရာလည်နေရာမှ တစ်ရက်တွင် သူ အသေအချာ ပြန်စဉ်းစားသည်…

သူသည် သစ်ခုတ်သမားဘ၀သို့ ပြန်၍ ဘ၀လည်နေရခြင်းမှာ သူ၏ ပုဆိန်ကို သံယောဇဉ်တွယ်နေသောကြောင့် ဖြစ်တတ်ရာ၏ဟု တွေးတောမိပြီး ထိုအခိုက်အတန့်တွင် ပုဆိန်ကို မြစ်ထဲသို့ လွှင့်ပစ်လိုက်လေသည်…

ထို့နောက် ‘အောင်ပြီ…. အောင်ပြီ… အောင်ပြီ…’ ဟု သုံးကြိမ်တိုင်တိုင် ကြွေးကြော်လေသည်…

ထိုအခြင်းအရာကို မြစ်တစ်ဖက်ကမ်းတွင် ရန်သူကို နှိမ်နင်းပြီး ပြန်လာသော ဘုရင်မင်းမြတ် ခေါင်းဆေးမင်္ဂလာပြုစဉ် ကြားသိလေသည်. သူ၏ အောင်မြင်ခြင်းအား ပြက်ရယ်ပြုသည်ဟု အထင်ရောက်ပြီး အနှီသစ်ခုတ်သမား ရဟန်းတော်အား အခေါ်လွှတ်လေသည်.

ထို့နောက် အဘယ့်ကြောင့် အောင်ပြီဟု ကြွေးကြော်လက်ခမောင်းခတ်ရသနည်းဟု မေးမြန်းလေသည်…

သစ်ခုတ်သမား ရဟန်းလည်း သူ၏ ပုဆိန်အပေါ် တွယ်တာနေသော သံယောဇဉ်ကို အပြီးတိုင် ဖြတ်နိုင်ပြီး ရဟန်းဘ၀သို့ ကူးပြောင်းနိုင်တော့မည် ဖြစ်၍ မိမိကိုယ်ကို အောင်နိုင်ခြင်း အထိမ်းအမှတ်ဖြင့် အောင်ပြီ… အောင်ပြီ ဟု ကြွေးကြော်ခြင်း ဖြစ်ကြောင်း လျှောက်တင်လေသည်…

ထို ၀တ္ထုလေး၏ အဆုံးသတ်တွင်ကား သူ၏ ဘ၀တစ်ခုလုံးကို လွှမ်းမိုးနေစေမည့် စကားလုံးလေးများကို ထိုးထွင်းထားခဲ့လေသည်…

“ရန်သူဗိုလ်ခြေတစ်ထောင်ကို စစ်အောင်နိုင်သည်ထက် မိမိကိုယ်ကို အောင်နိုင်ခြင်းက ပို၍ သာလွန်မွန်မြတ်လေသည်….”

သူသည် တောထွက်ရဟန်းပြုရလောက်အောင်လည်း ပါရမီကံ မရင့်သန်သေးပါ.

သို့သော် မိမိကိုယ်ကိုတော့ အောင်နိုင်ချင်ခဲ့သည်…

မိမိကိုယ်ကို လွှမ်းမိုးအုပ်စီးနိုင်သော ဘ၀စစ်သူကြီး အဖြစ်ကို တောင့်တမိသည်…

ဒီဘ၀ခရီးကို သူဒီတစ်ကြိမ်သာ ဖြတ်သန်းခွင့် ရသည်…

ထို့ကြောင့် မည်သူနှင့်မျှ မတူအောင်၊ ဒီဘ၀ကြီးထဲက တတ်နိုင်သလောက် အမြတ်ထွက်အောင် သူ ရယူသွားချင်သည်..

အတွေးအခေါ်ပိုင်းအရဖြစ်စေ၊ လောကီ လောကုတ္တရာပိုင်းအရဖြစ်စေ မည်သည့်အရာအတွက်မဆို သူ အမြတ်ထွက်ချင်သည်…

အချိန်မရွေး သူသေရဲသည်ဟု ကြွေးကြော်နိုင်လောက်အောင် သူတစ်စုံတစ်ရာအတွက် စိတ်ချချင်သည်. အထူးသဖြင့် သူ့ဘ၀အတွက် သူစိတ်ချချင်သည်…

ငြိမ်းချမ်းမှုကို ရှာဖွေရင်း ပူလောင်နေရသူ တစ်ယောက်လည်း သူမဖြစ်ချင်ခဲ့…

ဘ၀အမောတွေနှင့် ပူလောင်ရင်း ငြိမ်းချမ်းမှုနှင့် ဝေးကွာသွားရသူမျိုးအဖြစ်လည်း မဖြစ်ချင်ခဲ့…

သန္တိသီတာ…. စိတ်နှလုံး အေးမြကြည်လင်ခြင်း အဖြစ်သို့ ရောက်ရပါလို၏ဟု ဘုရားဝတ်ပြုပြီးတိုင်း သူ ဆုတောင်းမိသည်….

လူချမ်းသာ တစ်ယောက်မဖြစ်ချင်ပေမယ့် မတောင့်မတ မကြောင့်မကြတော့ နေနိုင်လောက်သည့် အဆင့်မျိုး သူဖြစ်ချင်သည်…


ရထားကြီးက ၀ုန်းဝုန်းဝုန်းဝုန်းနှင့် ပြေးဝင်လာပြန်သည်….

“မင်းရဲ့ပုဆိန်တွေက များလှချည်လား…”

ဆတ်ခနဲ သူလှည့်ကြည့်မိတော့ အသက်ကို ပင်ပင်ပန်းပန်းရှူရှိုက်နေပုံ ရသည့် ရထားခေါင်းတွဲကြီးက သူ့ကိုမေးနေခြင်း ဖြစ်သည်ဟု သိလိုက်ရသည်…

“ခင်ဗျားက သက်မဲ့ဖြစ်ပြီး စကားပြောတတ်သားနော်…”

ခေါင်းတွဲကြီးက အပြုံးတိုလေးတစ်ချက် ပြုံးပြီး သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြောသည်…

“ဒီလောကကြီးထဲမှာ သက်မဲ့ဖြစ်ဖြစ် သက်ရှိဖြစ်ဖြစ် ကြည့်တတ်ရင် နားထောင်တတ်ရင် သူတို့တွေက မင်းကို မင်းသိချင်နေတဲ့ ဘ၀ကြီးအကြောင်း ပြောပြနေတတ်တယ်…”

“စိတ်ဝင်စားစရာပါပဲလားဗျ… ဘယ်လိုလုပ် သူတို့က ပြောတတ်တာလဲ. ဘယ်လိုမျိုးလဲ…”

ရထားကြီးက သက်ပြင်းရှည်တစ်ချက်ကို လေးတွဲ့စွာချလိုက်ရင်း ဆက်ပြောသည်….

“ဥပမာကွာ… ငါ့ကိုပဲ ကြည့်… ငါဟာ ရထားတွဲကြီးပဲ… ဒါပေမယ့် ငါဟာ ရထားတွဲတော့ မဟုတ်ခဲ့ဘူး…”

“ဗျာ…”

“အဟင်း… မင်းနားရှုပ်သွားတယ်ထင်တယ်ကွ… ငါဆိုလိုတာက ငါဟာ ရထားတွဲကြီးဖြစ်တာမှန်တယ်. ဒါပေမယ့် ငါဟာ စက်ပါတဲ့ ရထားတွဲ… တစ်နည်းအားဖြင့် ငါလိုရာကို ခုတ်မောင်းသွားလာနိုင်စွမ်းရှိတဲ့ ရထားခေါင်းတွဲဖြစ်တယ်. သူများဆွဲတဲ့နောက်လိုက်တဲ့ ရထားတွဲမဟုတ်ခဲ့ဘူး… ကဲ… ဒီကနေ မင်း ဘာအတွေးအခေါ်တွေ ရလဲ ပြောကြည့်စမ်းကွာ..”

သူနေရာပြင်ထိုင်လိုက်သည်… ရထားခေါင်းတွဲကြီးဖက်သို့ စိုက်ကြည့်ရင်း စကားများပြောနေသောသူ့ကို ခရီးသည်တစ်ချို့က လှမ်းကြည့်သွားကြသည်. တစ်ချို့ကတော့ မကြားတကြား လှမ်းပြောသွားကြသည်. တစ်ချို့က စုတ်သပ်သွားကြသည်… တစ်ချို့ကတော့ ပြက်ရယ်ပြုသွားကြသည်…

“ကျွန်တော် နားလည်သလောက် ပြောရရင်တော့ ဒီလောကကြီးထဲမှာ လူတွေ အများကြီး ရှိပေမယ့် လူတိုင်း လူမဟုတ်ကြဘူး… တစ်ချို့က အညွန့်တလူလူလွှင့်ထူနေတဲ့ လူပီသတဲ့လူ၊ မိမိဦးတည်ရာ၊ ရည်ရွယ်ရာကို ခုတ်မောင်းသွားလာနိုင်စွမ်းရှိတဲ့ လူစွမ်းလူစရှိတဲ့ တက်လူ၊ တစ်ချို့ကတော့ ဘ၀ကြီးက ဆွဲခေါ်သွားရာကို ဦးတည်ရာမဲ့၊ ရည်ရွယ်ချက်မဲ့ မျောပါလိုက်သွားကြတဲ့ နောက်ဆွဲ သို့မဟုတ် ကျလူ… အဲလို ကျွန်တော်နားလည်တယ်…”

ရထားခေါင်းတွဲကြီးက အားပါပါ တစ်ချက်ပြုံးလိုက်ပြီး မျက်ခုံးတစ်ချက်ပင့်ရင်း ပြန်ပြောသည်…

“မင်းမှာ အတွေးအခေါ် မဆင်းရဲပါဘူး… ဆက်ကြိုးစားပါ. ငါဆိုလိုချင်တာက အဲဒါပဲ. မင်း နားစွင့်တတ်ရင် ကြည့်တတ်မယ်ဆိုရင် သက်မဲ့ဖြစ်စေ သက်ရှိဖြစ်စေ ပတ်ဝန်းကျင်မှာ ရှိရှိသမျှဟာ မင်းသိချင်နေတဲ့ ဘ၀တစ်ခုရဲ့ အဓိပ္ပါယ်ကို ရည်ညွှန်းဖော်ပြနေတတ်ကြတယ် ဆိုတာပါပဲ…”

“ကျွန်တော် နည်းနည်း သဘောပေါက်သွားပြီဗျာ.. ကျေးဇူးအရမ်းတင်တယ်. အခုလိုမျိုး ကျွန်တော့်ရဲ့ အသိဥာဏ်တံခါးကို ဖွင့်လှစ်ပေးလိုက်လို့ပေါ့…”

“တင်း….တောင်….”

ရထားတွဲများမှ တံခါးပိတ်သံများ အစီအရီ ထွက်ပေါ်လာကြသည်… သူ၏ သံဘီးများကို သံလမ်းများဖြင့် တစ်ချက်နှစ်ချက် ပွတ်သပ်လိုက်ပြီး ရထားတွဲကြီးက ဆက်ပြောသည်…

“တစ်ချို့အသံတွေက မင်းကို ထွက်ခွာရတော့မယ့် အချိန်တစ်ခုကို သတိပေးဖော်ပြနေတတ်တယ်. အဲဒီ့အချိန်မှာ မင်း အဆင်သင့်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ မင်းဟာ ထွက်ခွာရမှာ ဖြစ်တယ်. ဒီ့အတွက် ကြိုတင်ပြင်ဆင် နားစွင့်ထားသင့်တာလည်း ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတစ်ခုပဲကွ… ငါမင်းကို ပြောစရာတွေ ကျန်သေးတယ်. ဒါပေမယ့် ငါ အခုသွားရတော့မယ်… နှုတ်ဆက်တယ်ကွာ… မင်းသိချင်တာတွေ သိခွင့် ရပါစေ…”

သူဝမ်းနည်းသည်… သို့သော် သူကျေနပ်သည်…

သံလမ်းပေါ်တွင် အရှိန်ယူနေသော ရထားကြီးက ဘီးတစ်လှိမ့်နှစ်လှိမ့်ခန့် လှိမ့်ပြီးနောက် သူကြားအောင် အသံမြှင့်လျက် အော်ပြောနေပြန်သည်…

“ငါ့မှာ စက်ပါတယ်ဆိုပေမယ့် ငါဟာ ချမှတ်ထားတဲ့ သံလမ်းပေါ်က လွဲလို့ သွားလာခွင့် မရှိတာကိုလည်း မင်းတွေးခေါ်အဖြေထုတ်သင့်တယ်… ပြီးတော့ မင်းမှာ ပုဆိန်တွေ အများကြီး မဆောင်ထားဖို့လည်း ငါအကြံပေးချင်တယ်… မဟုတ်ရင် မင်းလွှင့်ပစ်ဖို့ခက်ခဲတာတွေ များနေမှာစိုးလို့….”

တ၀ုန်းဝုန်းဖြင့် သံလမ်းကြီးပေါ် အလျားလိုက်ပြေးလွှားသွားသော ရထားကြီးကို ငေးကြည့်ရင်း ကဗျာတစ်ပုဒ်ကို သတိရမိလိုက်ပြန်သည်….

ဒီလမ်းမှာ ဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်
ကျွန်တော်နဲ့ ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ…
ကျောက်စရစ်ခဲလေးက ပြောတယ် ဖေဖေ…
မြေပြင်က ဘာမှ မပြောင်းလဲပါဘူး
ခြေထောက်တွေကသာ ပြောင်းလဲနေကြတာတဲ့….

(တာရာမင်းဝေ)

လမ်းတစ်ဖက်မှ ဖိနပ်ရှပ်တိုက်သံများ ရုတ်ခြည်း ကျယ်လောင်လာသလို သူခံစားလိုက်ရသည်…

သူ့ရင်ဘတ်ထဲမှ ပုဆိန်တစ်ချို့ ရထားသံလမ်းပေါ် ပြုတ်ကျသွားခဲ့ကြသည်…

သူသည် စက်ပါသည့် ရထားခေါင်းတွဲကြီး ဖြစ်သည်ဆိုလျှင်တောင် ပြေးစရာ သံလမ်းကိုတော့ လိုအပ်နေဆဲ ဖြစ်မည်မှာ သေချာသည်…

တစ်ချိန်ချိန်တွင်တော့ ထိုသံလမ်းကိုယ်တိုင်သည်ပင်လျှင် သူလွှင့်ပစ်ရမည့် ပုဆိန်တစ်လက် ဖြစ်ကောင်းဖြစ်လာနိုင်သည်…

အားရပါးရ သူတစ်ချက်ပြုံးလိုက်ပြီး သံလမ်းပေါ်တွင် ပြုတ်ကျနေသော ပုဆိန်များထဲမှ အကောင်းဆုံးတစ်လက်ကို သူပြန်ကောက်ယူလိုက်သည်….

သူ့ရင်ဘတ်ထဲသို့ နေသားတကျဖြစ်အောင် ပြန်ထိုးထည့်လိုက်ပြီး တစ်ဖက်လမ်းမှ ဖိနပ်ရှပ်တိုက်သံများကို တမင်မေ့ပစ်လိုက်သည်… သို့မဟုတ် သူ့အကြားအာရုံကို ထိန်းချုပ်လိုက်သည်.

ဘူတာရုံမှ ထွက်ခွာလာသော သူ့နောက်တွင် လိုက်ပါလာသည့် ဖိနပ်ရှပ်တိုက်သံများသည် သူ့ထံမှ ဖြစ်နိုင်သလို ဘ၀တစ်ခု၏ ရှပ်တိုက်သံများလည်း ဖြစ်နေနိုင်လေသည်…

လူချင်းထိခိုက်သံကို ကြားရမှ မဟုတ်ပါဘူး
ဝတ်မှုန်ကလေးရဲ့ သွားသံလာသံကို ကြားရတာကလည်း
ဘ၀ပဲ….

~ ရေခဲငှက် ~

ဇူလိုင် (၂၉)၊ ၂၀၀၉

ဗုဒ္ဓဟူးနေ့။

Advertisements
 
1 Comment

Posted by on June 19, 2012 in Essays

 

Tags:

One response to “ဘ၀ရှပ်တိုက်သံများ

  1. ပန်းအိ

    February 19, 2014 at 6:09 am

    အကြိမ်ကြိမ်ဖတ်ခဲ့ပေမယ့်၊ ဒီတစ်ကြိမ်တော့ မန့်လေး ချန်ရစ်ခဲ့တယ် အကို၊ အတွေးစများစွာနဲ့ စုရစ်ထားတဲ့ ဒီပို့စ်လေး ဘ၀အတွက် အကြိမ်ကြိမ်ဖတ်သင့်တဲ့ ပို့စ်လေးပါ၊ သဘောသဘာဝတစ်ခုအရ ယာယီသံဝေဂတွေသာ ရှိတတ်ကြပြီး အချိန်အတန်ငယ်ကြာတာနဲ့အမျှ မေ့လျော့လေ့သွားကြပြီး ကြောင်းကျိုးတိုက်ဆိုင်တဲ့ခါ ပြန်လည် သတိရမိတတ်တဲ့သဘောတွေကြောင့် မကြာမကြာဖတ်သင့်တဲ့၊ ဖတ်ရမယ့် ဘ၀အတွက် လိုအပ်တဲ့ ပို့စ်လေးပါလို့ ..

    ပို့စ်လေးတွေလဲ ပြန်လည်အသက်သွင်းပါအုန်းလို့ …. 🙂

     

Your Opinion?

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s