RSS

ဒီနေ့ဘူတာရုံ

19 Jun


နှင်းငွေ့တွေ အုံ့ဆိုင်းလို့ မြူတွေမှုန်မှိုင်းနေတဲ့ ဆောင်းညနေခင်းတစ်ခုမှာ ဘူတာအိုဟာ ငိုက်မြည်းနေခဲ့တယ်. ခပ်လှမ်းလှမ်းက ရထားတစ်စင်းက ‘ဂျုံးဂျုံးဝုန်းဝုန်း’ ဆိုပြီး ဖြတ်သွားရင် သူအလန့်တကြား ထကြည့်မိလိုက်၊ အဝေးရောက်သွားပြီဆိုရင်တော့ သူ့ရင်ဘတ်ကို ဆွဲစေ့လို့ ငိုက်မြည်းမြဲ ငိုက်မြည်းနေခိုက်ပေါ့…

လေယာဉ်ပျံတွေ သူ့ခေါင်းပေါ်က ပျံသန်းဖြတ်သန်းသွားကြတယ်. မထူးဆန်းတော့ပြီပဲ. ဒီအသံတွေနဲ့ သူယဉ်ပါးနေခဲ့တာကြာပေါ့. သူ့ခြေရင်းမှာတော့ ကားသံ၊ လူသံတွေက တဝေါဝေါ တ၀ူးဝူးနဲ့ ဥဒဟို လှုပ်ရှားသွားလာနေကြတယ်.

‘ဒီနှစ်ဆောင်းက အေးလိုက်တာနော်…’

အသံထွက်အောင်တောင် သူညည်းညူမိသွားခဲ့တယ် ထင်ရဲ့.

‘အေးဗျာ. ခင်ဗျားကမှ အေးအေးဆေးဆေး ငိုက်နေနိုင်အားသေးတယ်. ကျွန်တော်ကတော့ ငိုက်မယ်မှမကြံသေး. အနင်းပဲခံနေရတယ်…’

ဒီအသံကို သူသိနေခဲ့တယ်လေ. မျက်လုံးကို တစ်ဝက်ဖွင့်ကြည့်ရင်း သူ့ရှေ့တည့်တည့်ကို လှမ်းကြည့်လိုက်တယ်.

နှင်းမှုန်တွေအောက်ကနေ အားယူပြီး သူ့ကိုငေးကြည့်နေတဲ့ သံလမ်းတစ်စုံကိုတွေ့လိုက်ရတယ်…

‘ဒါကတော့ဗျာ. ခင်ဗျားကိုက သံလမ်းဖြစ်နေတာကိုး. အနင်းခံရမှာပေါ့..’

‘ခင်ဗျားလို ဘူတာရုံတစ်ခုဖြစ်ရင် သိပ်ကောင်းမှာ. လူတွေကို လုံခြုံနွေးထွေးမှုပေးတယ်. နားစက်ခိုလှုံရာပေးတယ်. ခင်ဗျားကို လူတွေကလည်း မှတ်မှတ်ရရရှိကြတယ်. ကျုပ်ကိုတော့ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ကြဘူးဗျာ.’

သံလမ်းရဲ့ စိတ်ပျက်လက်ပျက်စကားကိုကြားတော့ ဘူတာအိုက မေးခွန်းပြန်ထုတ်တယ်.

‘နွေးထွေးမှုပေးတယ်ဆိုတာကတော့ ဟုတ်ပါပြီ. မှတ်မှတ်ရရရှိနေကြတယ်ဆိုတာက ဘယ်လိုတုန်းဗျ. လင်းစမ်းပါဦး..’

သံလမ်းလည်း ‘၀ါးးးး’ ခနဲ ပျင်းကြောတစ်ချက် ဆန့်လိုက်ရင်းက သူ့ဘယ်ဖက်ညာဖက်ကို တစ်ချက်စီ ခေါင်းလှည့်ကြည့်လိုက်တယ်.

‘အင်း… အေးလို့လားတော့မသိဘူး. ကိုရထားလည်း အလာကျဲနေတယ်. ကောင်းပါတယ်. ခင်ဗျားနဲ့ စကားခဏပြောဖို့ အချိန်ရတာပေါ့..’

ဘေးနားက လျှပ်စစ်အိုးကြီးပေါ်မှာ တင်ပျဉ်ခွေချိတ်ထိုင်လိုက်ရင်း သံလမ်းက ဆက်ပြောတယ်.

‘ဒီလိုဗျ. ကိုရွှေဘူတာရ… ခင်ဗျားမှာ နေရာတစ်ခုရှိတယ်. အမည်နာမတစ်ခုရှိတယ်. ဥပမာဗျာ. လမ်း(၉၀) မှတ်တိုင်၊ ရုစဗဲ့လ်မှတ်တိုင် စသည်ဖြင့်ပေါ့. လူတွေက ပြောရင် ဟိုလေ. ဘယ်မှတ်တိုင်၊ ဘယ်ဘူတာရုံပေါ့လို့ ပြောတတ်ကြတယ်. အဲဒါကို ပြောတာပါ. ကျွန်တော့်ကိုတော့ ဘယ်နားက ဘယ်သံလမ်းဆိုပြီး ပြောတဲ့အသံများ ကြားဖူးလို့လားဗျာ…ဟင်း..ဟင်း…ဟင်း…’

သံလမ်းလည်း ပြောရင်းက အဖျားတစ်ချက်တက်တာပဲလား၊ လောကကြီးရဲ့ အဆီအငေါ်မတည့်ပုံကို လှောင်ပြောင်ချင်လို့ပဲလားမသိ တဟင်းဟင်း ဖြစ်သွားခဲ့တယ်.

ဘူတာအိုလည်း ဟိုဖက်လှည့်အိပ်လိုက်ရင်းက သံလမ်းရဲ့ စကားကို ဘယ်လိုအဖြေပြန်ပေးရင်ကောင်းမလဲ အကြံထုတ်နေခဲ့တယ်.

‘လေဒီအင်န် ဂျန်းတဲလ်မင်း…. မန်ဟက်တန်ဘောင်းထရိန်း အစ်စ် အပရိုးချင်း. ဘလာဘလာဘလာ…’

အသံချဲ့စက်က အသံကိုလည်းကြားလိုက်ရော သနားစရာ သံလမ်းခမြာ လျှပ်စစ်အိုးကြီးပေါ်ကနေ ဖြုန်းခနဲ ခုန်ဆင်းလိုက်လို့ သူ့နေရာမှာ စန့်စန့်ကြီး လဲလျောင်းနေလိုက်ခဲ့တယ်.

ဘူတာအိုလည်း သူ့ရင်ခွင်ထဲကနေ ထွက်သွားဖို့ကြံနေသူတွေကို လှမ်းကြည့်လိုက်၊ မကြာခင် ရထားပေါ်ကနေ ဆင်းလာတော့မယ့် ခရီးသည်သစ်တွေကို ကြိုဆိုဖို့ ရင်ခုန်နေလိုက်နဲ့ အလုပ်နည်းနည်းရှုပ်သွားခဲ့တယ်…

‘ဟင်… ဟုတ်လား… နင်က ဘာပြန်ပြောလိုက်လဲ. မလုပ်နိုင်ဘူးပြောလိုက်ပေါ့..’
‘ဟာ… နင်ကလဲ… ဒီလိုအချိန်ကြီးမှာ အလုပ်တွေ ရှားနေတာ နင်သိသားနဲ့. ငါတော့ ခဏလောက်ဖြစ်ဖြစ် လုပ်ကြည့်ဦးမယ် စိတ်ကူးတယ်. နောက်တစ်ပတ်ဆို ကျောင်းလခသွင်းရတော့မှာဟ..’

‘ဟိုးလား… ကောမော့စတာ့စ်..’

‘မွေ့ဘီယန်… အီတို..’

‘ခွိုင့်တျန်လား…’

‘အိယဲ..’

‘ရိုက်တ်… အစ်စ် ရစ်ဒစ်ကျုးလပ်စ်… အိုင်ဝယ်လ်ဘီ ဒဲယား အင်အေမိနစ် ဘရို..’

‘ကူးလ်… တိတ်ကစ်အီးဇီး. မန်း..’

‘ဂျုံး… ဂျုံး…. ဂျုံး…. ဂျုံး…..’

‘တင်………….တောင်…’

လူမျိုးပေါင်းစုံရဲ့ အသံစုံ၊ ဗလံစုံတွေကို နားထောင်ရင်း ရထားကြီး ဘူတာရုံထဲ ခုတ်မောင်းဝင်လာခဲ့တယ်. တံခါးတစ်ချက် အပွင့်သွားမှာ ရထားကြီးက ခရီးသည်အသစ်တွေကို အန်ချလိုက်လေရဲ့….

ဆင်းသူကဆင်း၊ တက်သူကတက်နဲ့ ရထားကြီး ပြန်ထွက်ခါနီးလေးမှာ ဘူတာအိုက တစ်ချက်လှမ်းပြောလိုက်တယ်.

‘ကိုရထား… ခင်ဗျား သံလမ်းပေါ် သိပ်မနင်းပါနဲ့ဗျာ. သနားပါတယ်.’

အမြဲတမ်း အချိန်မှန်အောင်ကြိုးစားနေရလို့ စိတ်ဖိစီးမှုတွေ၊ စိတ်ကျဉ်းကြပ်မှုတွေနဲ့ ပြည့်နှက်နေပုံရတဲ့ ရထားကြီးက ဖျတ်ခနဲ ဘူတာအိုဖက် လှမ်းကြည့်ပြီး ခပ်ပြတ်ပြတ်ပြန်ပြောလိုက်တယ်.

‘ကိုယ့်အလုပ်ကိုယ်မှန်အောင်လုပ်နေရတာနဲ့ စဉ်းတောင်မစဉ်းစားအားဘူးဗျာ. ကျုပ်မှာ လူများရင် သံလမ်းပေါ်ပိုပိမယ်. လူနည်းရင် နည်းနည်းပဲပိမယ်. သံလမ်းဆိုတာ ရထားနင်းဖို့ဗျ. ခင်ဗျားမသိဘူးလား. သွားတော့မယ်. ဆီးယူ..’

‘၀ုန်း….၀ုန်း…၀ုန်း….၀ုန်း…’

ဘူတာအိုလည်း ရေငုံနှုတ်ပိတ်ကျန်ရစ်ခဲ့တယ်…

ရထားကြီးထွက်သွားပြီး တော်တော်ကြာတော့မှ သံလမ်းလည်းစန့်စန့်ကြီးလဲနေရာကနေ ဖုတ်ဖက်ခါ ပြန်ထတယ်… သူ့မျက်နှာကတော့ သိပ်မကောင်းလှဘူး. ခုနက ကိုရွှေရထား ပြောသွားတာကို ကြားလိုက်တယ်ထင်ပါ့လို့ ဘူတာအိုအတွေးနယ်ချဲ့နေခဲ့မိတယ်…

‘ကြိုးစားကွာ. တစ်နေ့တော့ မင်းရထားဖြစ်လာမှာပါ… အဲဒီ့အခါကျတော့ မင်းလွတ်မြောက်ပြီပေါ့..’

ဘူတာအိုရဲ့စကားကိုကြားတော့ သံလမ်းလည်း ပြန်ပြောတယ်.

‘ဘ၀တူတွေကို ပြန်နင်းရမယ့် နေရာမျိုးကျွန်တော် မလိုချင်ဘူး. ကျွန်တော်ဟာ သံလမ်းဖြစ်ရင်ဖြစ်. မဟုတ်ရင်တော့ ဘာမှမဖြစ်ချင်ဘူး.’

‘မင်းမှာ ရည်မှန်းချက်မရှိဘူးလား. ဖြစ်ချင်တဲ့ ဘ၀တစ်ခု မရှိဘူးလား. တစ်သက်လုံး သံလမ်းဘ၀နဲ့ အရိုးထုတ်သွားတော့မှာလား. မင်း သံလမ်းဘ၀က လွတ်မြောက်တဲ့နေ့ မင်းနဲ့ ဘ၀တူ သံလမ်းတွေကို ကယ်တင်ဖို့ မကြိုးစားတော့ဘူးလား…’

ဘူတာအိုလည်း စိတ်နည်းနည်းထွက်သွားပြီး မေးခွန်းတွေ ဆက်တိုက်မေးလိုက်မိတယ်.

‘ကျွန်တော်လွတ်မြောက်ချင်ပါတယ်. နင်းပြားဘ၀ကို စက်ဆုပ်လွန်းလို့. ဒါပေမယ့် ကျွန်တော် သံလမ်းအဖြစ် အနင်းခံရတာ ကြာလာတော့ ဒီဘ၀၊ ဒီအကြောင်းတွေကလွဲလို့ ဘာမှမသိဘူး. ဘာကိုရည်မှန်းရမယ်ဆိုတာလည်း ကျွန်တော်မသိဘူးဗျာ…ရထားလာရင် အနင်းခံမယ်. ရထားမလာရင် အေးအေးဆေးဆေး အိပ်စက်အနားယူမယ်. ဒါပဲဗျာ.’

ဘူတာအိုလည်း သံလမ်းရဲ့ စိတ်ပျက်လက်ပျက်စကားကိုကြားတော့ သနားသွားပြီး စကားတစ်ခွန်းကို ချင့်ချင့်ချိန်ချိန်ပြန်ပြောလိုက်တယ်.

‘မင်း စာဖတ်သင့်တယ်. ‘

‘ဗျာ…’

‘ဟုတ်တယ်. မင်း စာဖတ်သင့်တယ်. စာတတ်သင့်တယ်. ဒါမှ ရှေ့လျှောက်ဘာတွေလုပ်ရမယ် ဆိုတာကို သိလာမယ်. မြော်မြင်တွေးခေါ်တတ်လာမယ်.’

‘ကျွန်တော်စာဖတ်တတ်လာရင် သံလမ်းအဖြစ်က လွတ်နိုင်ပြီလို့ ဆိုလိုတာပေါ့နော်..’

‘အင်း… အဲလိုလှည့်စဉ်းစားရင်လည်း မှန်တယ်. ဒါမှမဟုတ် မင်း သံလမ်းအဖြစ်ဆက်နေနေသေးရင်တောင် သဘောထားမှန်ကန်တဲ့ သံလမ်းတစ်ခု ဖြစ်လာနိုင်တယ်.’

ဒီလိုနဲ့ ဘူတာအိုလည်း သူသိသမျှ၊ တတ်သမျှ စာအုပ်တွေပေးဖတ်၊ သံလမ်းလည်း အချိန်ရရင်ရသလို စာတွေဖတ်၊ ရထားကြီးလည်း အချိန်မှန်မှန်ဖြတ်သန်း၊ လေယာဉ်ပျံတွေလည်း ဟိုဒီပျံသန်းနဲ့ နှစ်တွေကြာလာခဲ့တယ်.

တစ်ရက်မှာ ဘူတာအိုရဲ့ လက်မောင်းတွေပေါ်ကို အလုပ်သမားတစ်ချို့ စာလာကပ်တယ်. ဘူတာအိုလည်း မှုန်ဝါးနေတဲ့ သူ့မျက်စိကို အားယူရင်း လှမ်းဖတ်ကြည့်လိုက်တော့ လမ်းပိုင်းတစ်ခု ပြင်မှာမို့ ဒီဘူတာရုံကို ခေတ္တပိတ်ထားမယ်လို့ ရေးထားတာကို ဖတ်လိုက်ရတယ်.

အဲဒီ့နေ့မှာပဲ သူ့ရှေ့မှာ အိပ်စက်အနားယူနေတဲ့ သံလမ်းကို အလုပ်သမားတွေက အတင်းလှုပ်နှိုးပြီး တစ်စစီဖြုတ်ခါ ကားရထားတစ်စီးပေါ်တင်ရင်း အဝေးကို ယူဆောင်သွားကြတယ်.

ဘူတာအိုရဲ့ ရင်ထဲမှာ ဆို့နင့်ကြေကွဲလို့၊ သံလမ်းပိုင်းလေးမှာလည်း မျက်ရည်တွေရစ်ဝဲလို့..

‘မင်းအမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေကွာ…’

‘တစ်နေ့ ပြန်တွေ့ကြမယ် ကိုကြီးဘူတာရေ….’

နှင်းမြူတွေကြားထဲ တိုးဝင်ပျောက်ကွယ်သွားတဲ့ ကားရထားလေးပေါ်က သံလမ်းလေးကို ငေးကြည့်ရင်း ဘူတာအိုဟာ သူ့မျက်ဝန်းက မျက်ရည်စတစ်ချို့ကို မျက်တောင်တစ်ချက်ခတ်ရင်း ပုတ်ထုတ်ပစ်လိုက်တယ်…

သုံးလေးရက်လောက်ကြာတော့ ဘူတာအိုဟာ ပြန်လည်  အသက်ဝင်လာခဲ့တယ်. သူ့ရှေ့မှာ နောက်ထပ်သံလမ်းငယ်တစ်ခု နေရာယူထားတာကိုတွေ့လိုက်ရတယ်…

သံလမ်းငယ်လေးဟာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ သူ့အပေါ် ဖြတ်လျှောက်သမျှ ရထားကြီးတွေကို အံကြိတ်ရင်း ပင့်တင်လို့ အနင်းခံနေတာကို ဘူတာအိုက စိတ်ဝင်တစားငေးကြည့်နေခဲ့မိတယ်.

‘မင်း သံလမ်းဖြစ်တာ ကြာပြီလား..’

ဘူတာအိုရဲ့ အမေးကို သံလမ်းငယ်က တုံ့ဆိုင်းမနေဘဲ ပြန်ဖြေတယ်.

‘ကျွန်တော် သံရည်ကျိုစက်က ထွက်လာတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်.’

‘သံလမ်းဖြစ်ရတာ ပျော်လား..’

‘ခုထိတော့ ကျွန်တော်ပျော်တယ်. စက်ရုံမှာ ကျွန်တော့်ဘ၀က မရေမရာနဲ့ သံရည်ဆိုပြီးတော့ပဲ ရှိနေခဲ့တာ. အခုတော့ ကျွန်တော်ဟာ သံလမ်းဆိုတဲ့ နာမည်တစ်ခုရတယ်. ကျွန်တော်ထမ်းဆောင်ရမယ့် တာဝန်တစ်ခု ပီပီပြင်ပြင်တွေ့လာရတယ်. ကျွန်တော့်မှာ ဘ၀တစ်ခုရှိလာသလို ခံစားလာရတယ်. ဒါကြောင့် ကျွန်တော်ပျော်တယ်.’

‘မင်း. စာဖတ်တတ်လား..’

‘ဟုတ်… သေစာရှင်စာလောက်တော့ ဖတ်တတ်ပါတယ်. ဘာလို့လဲ ဦးကြီး…’

‘ဘာမှမဟုတ်ပါဘူးကွာ… တိုက်ဆိုင်လို့ မေးကြည့်တာပါ…’

ဘူတာအိုလည်း သက်ပြင်းရှည်တစ်ချက်ကို ‘ဟူးးးး’ ခနဲ မှုတ်ထုတ်လိုက်ရင်းက သူ့ဆံပင်တွေထဲ လက်ကိုထိုးထည့်လို့ ခေါင်းငိုက်စိုက်ရင်း တစ်စုံတစ်ရာကို စဉ်းစားနေခဲ့မိတယ်.

လေယာဉ်တစ်စင်း အောက်ကိုနိမ့်ဆင်းလာချိန်မှာ လမ်းထဲက ကလေးတစ်ချို့ ကောင်းကင်ကိုမော့ကြည့်ရင်း အော်ဟစ်ခုန်ပေါက်နေကြတယ်. လေယာဉ်ထဲက လူတစ်ချို့ မြေပြင်ကိုငုံ့ကြည့်လို့ မကြာခင် ရောက်ရှိဆင်းသက်တော့မယ့် ဒီမြို့ကြီးအကြောင်း ရင်ခုန်စွာ စိတ်ကူးယဉ်နေကြတယ်.

အဆောက်အဦးတစ်ခုထဲက စာရေးမတစ်ယောက် ဒီတစ်ပတ် ဘယ်လိုခွင့်တင်ရင်ကောင်းမလဲ စဉ်းစားနေတယ်. ဓာတ်လှေကားထဲမှာ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ ပူပူနွေးနွေးဘွဲ့ရကျောင်းသားတစ်ယောက် မကြာခင်ဝင်ရောက်ဖြေဆိုရတော့မယ့် လူတွေ့စာမေးပွဲအတွက် စိတ်လှုပ်ရှားနေတယ်.

ခပ်လှမ်းလှမ်းက အသုဘအိမ်တစ်အိမ်မှာ ပူဆွေးသောကတွေ မိတ်ဖွဲ့ရောက်ရှိနေချိန်၊ ဒီဖက်ခြမ်းက အိမ်တစ်အိမ်မှာ ကလေးငယ်တစ်ယောက် ကင်ပွန်းတပ်မင်္ဂလာလုပ်တယ်.

မျက်ဝန်းထဲမှာ အရောင်တစ်ချက် လက်သွားခဲ့တဲ့ ဘူတာအိုဟာ သူ့ခေါင်းကို တစ်ချက်ပြန်မတ်လိုက်တယ်. ပြီးတော့ တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်လိုက်တယ်.

‘လက်လည်းမလျှော့နဲ့. တွေးလည်းမပူနဲ့. ငါဟာ ဒီနေ့ ဘူတာရုံဖြစ်တယ်…’

~ ရေခဲငှက် ~

ဖေဖော်ဝါရီ (၂)၊ ၂၀၀၉

တနင်္လာနေ့။

Advertisements
 
Leave a comment

Posted by on June 19, 2012 in Essays

 

Tags:

Your Opinion?

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s